"ဖေဖေ... သားဘာဖြစ်လို့ ကျောင်းတက်ရတာလဲ"
ကောင်းလွန်းလို့ပြန်လည်မျှဝေပါတယ်"ဖေဖေ... သားဘာဖြစ်လို့ ကျောင်းတက်ရတာလဲ" ကျောင်းအပ်ပြီး သိပ်မကြာသေးတဲ့သားက ဖခင်ကို ဒီလိုမေးခွန်းထုတ်တယ်။ "သား သိရဲ့လား... ၁နှစ်သက်တမ်းပဲရှိတဲ့ သစ်ပင်လေးဟာ ခြံစည်းရိုးကာ၊ ထင်းစိုက်ဖို့ပဲအသုံးဝင်တယ်။ ၁ဝနှစ်သက်တမ်းရှိတဲ့သစ်ပင်ကိုတော့ တန်းလုပ်လို့ရတယ်။ အနှစ် ၂ဝသက်တမ်းရှိတဲ့သစ်ပင်ကိုတော့ ထုပ်လုပ်လို့ရတယ်၊ တိုင်လုပ်လို့ရတယ်၊ အိမ်ထောင်ပရိဘောဂလုပ်လို့ရတယ်...." "တကယ်လို့ ကလေးတစ်ယောက်ဟာ ကျောင်းမတက်ခဲ့ရင် အသက်၇နှစ်လောက်ရောက်တာနဲ့ သူဟာ နွားကျောင်းနိုင်တယ်။ အဲဒီထက် နည်းနည်းကြီးလာပြီဆိုရင် နွားတစ်အုပ်ကိုကျောင်းနိုင်တယ်။ ဒါပေမယ့် နွားကျောင်းတာကလွဲပြီး သူတခြားဘာမှ မလုပ်တတ်ဘူး" "တကယ်လို့ မူလတန်းအထိ သူတက်ခဲ့ဖူးရင် စိုက်ပျိုးနည်းအသစ်နဲ့ လယ်ထဲမှာ သူလုပ်ကိုင်စားသောက်လို့ရတယ်။ မြို့ပေါ်မှာ ပန်းရံလုပ်လို့ရတယ်။ ခြံစောင့်လုပ်လို့ရတယ်။ လမ်းဘေးဈေးသည်လုပ်လို့ရတယ်။ ဒါတွေက မူလတန်းပညာနဲ့ လုံလောက်တယ်" "တကယ်လို့ အလယ်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းအသုံးပြုပုံတွေကို သူလေ့လာသင်ယူလို့ရတယ်" "တကယ်လို့ အထက်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းပြုပြင်တာတွေကို သူလေ့လာသင်ယူလို့ရတယ်" "တကယ်လို့ တက္ကသိုလ်အထိ သူတက်ခဲ့ဖူးရင် တိုက်တာကြီးတွေကို သူဆောက်လုပ်နိုင်တယ်၊ လမ်း၊ တံတား၊ သံလမ်းတွေကို သူရေးဆွဲဆောက်လုပ်နိုင်တယ်" "တကယ်လို့ ဒီထက်ပိုပြီး ဘွဲ့လွန်တွေ သူတက်ခဲ့ဖူးရင် ဖေဖေတို့မှာ နဂိုမရှိတဲ့အရာတွေကို သူတီထွင်နိုင်မယ်.. သား သဘောပေါက်တယ်နော်" "သဘောပေါက်ပါပြီ ဖေဖေ" "နွားကျောင်းသား၊ လယ်သမား၊ ခြံစောင့်လုပ်ရတာ မျက်နှာငယ်သလား မငယ်ဘူးလား" "ငယ်ပါတယ် ဖေဖေ" "မျက်နှာမငယ်ဘူး သား.... သူတို့က မခိုးမဝှက်ဘူး၊ ရိုးရိုးသားသား ပိုက်ဆံရှာပြီး ကိုယ့်သားသမီး၊ ကိုယ့်မိဘတွေကို ကျွေးမွေးနေသူတွေပါ။ ဒါကြောင့် လုံးဝ မျက်နှာမငယ်ပါဘူး။ ကျောင်းတက်ဖူး၊ ကျောင်းခဏပဲနေဖူးတိုင်း အသုံးမကျတာ မဟုတ်ဘူး။ သစ်ပင်လေးလိုပေါ့.. တစ်နှစ်သားမှာလည်း အသုံးဝင်တယ်။ ဒါပေမယ့် သိပ်များများစားစား အသုံးမဝင်ဘူး။ စာဖတ်နည်းတာနဲ့ စာလုံးဝမဖတ်တဲ့လူတွေကလည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် လူထုကိုအကျိုးပြုပုံခြင်း၊ ကုညီထောက်ပံ့ပုံခြင်း အနည်းအများကွာသွားတယ်၊ သူတို့ရှာဖွေတဲ့ ငွေကြေးအနည်းအများကွာသွားတယ်ပေါ့။ ကျောင်းများများတက်ရင် ငွေများများကုန်တယ်၊ အချိန်များများကုန်တယ်.. ဒါပေမယ့် အကျိုးပြုကူညီထောက်ပံ့မှု ကြီးမားတယ်ပေါ့" ကလေးတွေနဲ့ စကားပြောဆိုချိန်မှာ အတင်းအဓမ္မရိုက်သွင်းတာမျိုး၊ ချော့မော့ဖြားယောင်းတာမျိုး မလိုအပ်ပါဘူး။ သူသဘောပေါက်နားလည်အောင် ရှင်းပြနိုင်ဖို့ပဲလိုပါတယ်။ အဲဒီနောက် သူ့ဘာသာသူ ရွေးချယ်တတ်သွားပါလိမ့်မယ်။ရေးသားသူ : နိုင်းနိုင်းစနေ
0 comments:
Post a Comment